Tuesday, July 4, 2017

ပြောင်းလဲလာတဲ့ လူနေမှုပုံစံများဆီသို့ ...

ခေတ်ရေကြီးကြောင်းပေါ်မှာ ရှင်သန်နေထိုင်နေကြတဲ့ ကျွန်မတို့လူသားတွေရဲ့ နေ့စဉ်ဖြတ်သန်းမှု ပုံစံတွေရဲ့ ပြောင်းလဲလာမှုတွေကို လေ့လာကြည့်မိတယ်။ ကျွန်မတို့ ကလေးဘဝတုန်းကတော့ မြန်မာပြည် မှာ ပုံနှိပ်စာအုပ်တွေနဲ့ပဲ စာတွေကို လေ့လာဆည်းပူးခဲ့ကြတာပေါ့။ ယနေ့ခေတ်ကြီးမှာတော့ အီလက်ထရော နစ်နည်းပညာတွေနဲ့ အသွင်ပြောင်းဖန်တီးထားတဲ့ ebook အီလက်ထရောနစ်စာအုပ်တွေ၊ Kindle စာအုပ်တွေ၊ အင်တာနက်တွေ စတာတွေကို အသုံးပြုပြီးတော့ စာတွေကို လေ့လာနေကြတော့ စာအုပ်ပေါ်မှာ ဘောပင်တို့၊ ခဲတံတို့နဲ့ စာတွေကို ရေးတော့မယ့်အစား ကွန်ပျူတာပေါ်မှာ ကျောင်းစာတွေ အိမ်စာတွေ assignments တွေကို ရေးလာကြတော့တယ်။

ဒီလိုပဲ ကျွန်မတို့ ကလေးဘဝတုန်းက ကျောင်းသွားခါနီး တီဗီ်ွီဲက ပြသတဲ့ဇာတ်လမ်းတွဲ ဝူခုန်းကားတွေကို အပြေးအလွှားကြည့်ခဲ့ကြပေမယ့် အခုခေတ်ကြီးမှာတော့ TV channels တီဗွီချန်နယ်တွေအစား Facebook Page ဖေ့စ်ဘွတ်စာမျက်နှာတွေဆိုတာကို လူတွေက နေ့စဉ်လူမှုဘဝမှာ အသုံးပြုလာနေကြပြီ။ ယနေ့ ခေတ်မှာ YouTube တို့တွေပေါ်လာပြီး လိုချင်တဲ့ ရုပ်ရှင်ဇာတ်လမ်းမျိုးစုံ သီချင်းမျိုးစုံကို လူတွေက Streaming ဒါမှမဟုတ် ဖိုင်တစ်ခုလုံးကို ဒေါင်းလုပ်ဆွဲပြီးတော့ဖြင့် ကြည့်လာကြတယ်။ တချို့ဆိုရင် နေ့စဉ် တီဗွီကို မကြည့်ဖြစ်တော့တဲ့လူတွေဆိုတော့ တနေ့တခြားများများလို့လာခဲ့ကြတာပေါ့။ လူနေမှုပုံစံတွေက တနေ့တခြားပြောင်းလဲလို့လာခဲ့တာပေါ့။

ဒီလိုပဲ သတင်းမီဒီယာတွေကလည်း Printed Media ပုံနှိပ်ထုတ်ဝေတဲ့ သတင်းမီဒီယာတွေအစား ယနေ့ ခေတ်ရေစီးကြောင်းကြောင့် epaper အီလက်ထရောနစ်ဖြင့်ထုတ်ဝေသော သတင်းစာတွေ Website အင်တာနက်စာမျက်နှာတွေကတဆင့် ပုံစံတွေ ပြောင်းလဲလို့လာခဲ့ပြီပေါ့။ နောက်ပြီး သတင်းမီဒီယာတွေက TV Channel တီဗွီချန်နယ်တွေမှ သတင်းကို ထုတ်လွှင့်တော့မယ့်အစား YouTube မှတဆင့် သတင်းတွေ ကို လူထုထဲကို ရောက်အောင် အသွင်ပြောင်းလာခဲ့ကြပါတယ်။

အရှိန်အဟုန်ဖြင့် ပြောင်းလဲလာတဲ့ Digital Trend ဒစ်ဂျစ်တယ်လမ်းကြောင်းသစ်ပေါ်မှာ စီးပွားရေး နယ်ပယ်ကလူတွေကော၊ ပညာရေးနယ်ပယ်မှာ ရှင်သန်နေကြတဲ့ လူတွေကော၊ သတင်းမီဒီယာလောကက လူတွေကော၊ နိုင်ငံရေးနယ်ပယ်ကလူတွေကော စတဲ့စတဲ့ လူတန်းစားမျိုးစုံ အလွှာမျိုးစုံ နယ်ပယ်မျိုးစုံက လူတွေအားလုံး ဟန်ချက်ညီအောင် အကောင်းဆုံးလုပ်ဆောင်သွားနိုင်ဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေ ကြတယ်ဆိုတာ သတိပြုမိလို့….

တကယ်တော့လည်း ပြောင်းလဲမှုကို ခုံမင်ကြတဲ့ လူတွေရဲ့ စိတ်ကြိုက်ဖန်တီးထားတဲ့ နည်းပညာလူမှု ကွန်ယက်ပုံစံအသစ်တစ်ခုပါ။ ဒီလို နည်းပညာအသစ်တွေကို လူတွေကဖန်တီးသလို တခါတရံမှာလည်း ဖန်တီးထားတဲ့နည်းပညာတွေက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို အများကြီး ပြောင်းလဲသွားစေနိုင်တယ် လို့ ယူဆရင်းပေါ့...




No comments:

Post a Comment